ဝိပဿနာရှုခြင်း၏အကျိုးနှင့် အကျင့်လမ်းကိုဆင်ခြင်ခြင်း

အားထုတ်ဖို့ လုပ်ငန်းကတော့ မြင်တိုင်း မြင်တိုင်း မြင်ခိုက်မှာ ထင်ရှားရှိတဲ့ တရားကလေးတွေကို ရှုရုံမှတ်ရုံပါပဲ၊ မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုမှတ် ရမယ်၊ (ရှုတယ် မှတ်တယ်ဆိုတာ သေသေချာချာသိအောင်လို့ အသိနဲ့ စူးစိုက်ပြီး နှလုံးသွင်းလိုက်တာကို ခေါ်တာပါပဲ) ဒါကြောင့် မြင်ရင် မြင်တယ်လို့ ရှုမှတ်လိုက်ရင် တစ်ခါတစ်ရံမှာ မြင်ရတဲ့ အဆင်းကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်တဲ့စိတ်ကလေးကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်ရာဌာန မျက်စိရုပ်ကလေးကို ရှုမှတ်ပြီးတော့ ဒီကနေပြီး မြင်သွားတာပါကလားလို့  သိသွားတယ်၊ ဘယ်ဟာပဲ မှတ်မိသည်ဖြစ်စေ တစ်ခုခုမှတ်မိလို့ တစ်ခုခုသိလာရင် ပြီးတာပဲ၊

တစ်ခုခုမသိဘူး ဆိုရင်တော့ အဲဒီမြင်မှုကို အကြောင်း ပုဂ္ဂိုလ် သတ္တ၀ါ ငါကောင်လို့ ထင်မှတ်စွဲလမ်းတဲ့ သက္ကာယဒိဋ္ဌိဖြစ်လာမှာ၊ နိစ္စ သုခ အတ္တ ကိလေသာ အစွဲတွေ ဖြစ်လာမှာ၊ ဒီလို ကိလေသာ အစွဲက ကံတွေဖြစ်၊ ကံကအကျိုးပေးတော့ ဘ၀သစ်တွေဖြစ်ခဲ့၊ ဒီနည်းဖြင့် ပဋိစ္စသမုပ္ပာဒ် စက်လည်ပြီးတော့ သံသရာဝဋ်ဆင်းရဲတွေ မပြတ်ဖြစ်နေတာ၊ ဒါကြောင့် ဒီလို သံသရာဝဋ်ဆင်းရဲတွေ တစ်ဝဲလည်လည်ဖြစ်ပြီး မနေရအောင်ဟာ မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုရ မှတ်ရမယ်။ ကြားခိုက်စသည်မှာလည်း အတူတူပဲ၊ ရုပ်နဲ့နာမ်ပဲရှိတယ်၊ ကြားတယ်ဆိုတာ နားရုပ်ကိုမှီပြီးတော့ ကြားသိမှုကလေး ဖြစ်သွားတာပဲ၊ နားကလည်းရုပ်၊ ကြားတာက လည်း ရုပ်၊ ကြားသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ် နှစ်ပါးပဲရှိတယ်၊ အဲဒါကို လည်း သိအောင် ကြားတိုင်း ကြားတယ် ကြားတယ်လို့ မှတ်ရမယ်။ နှာခေါင်းအနံ့ကို နံတိုင်းလည်း နံတယ် နံတယ် လို့ မှတ်ရမယ်။ လျှာက အရသာကို စားသိတိုင်း သိတယ် သိတယ်လို့ မှတ်ရမယ်။

ကိုယ်ကတွေ့ထိတိုင်းလည်း အဲဒီ တွေ့ထိတာကလေးတွေကို လိုက်ပြီးမှတ်ရမယ်၊ တစ်ကိုယ်လုံးမှာ အသွေးအသား စိုနေတဲ့ နေရာတိုင်း နေရာတိုင်းက အတွေ့အထိကို လက်ခံဖမ်းဆီးနိုင်တဲ့ ရုပ်တစ်မျိုးရှိတယ်၊ အဲဒါကို ကာယပသာဒ- ကိုယ် အကြည်ရုပ်လို့ ခေါ်တယ်၊ အကောင်းအဆိုး၊ အတွေ့အထိဟူသမျှဟာ အဲဒီ ကိုယ်အကြည် ရုပ်ပေါ်မှာချည်း တိုက်ခိုက်လာတယ်၊ ဒီလို တိုက်ခိုက်လာတဲ့ အကောင်းအဆိုး အတွေ့အထိတွေကို ကာယ၀ိညာဉ်ခေါ်တဲ့ စိတ်က တွေ့ထိပြီး သိသိသွားတယ်၊ ဒါကြောင့် တွေ့ထိခိုက်မှာ ကိုယ်အကြည်ကလည်းရုပ်၊ တွေ့ထိရတာတွေကလည်းရုပ်၊ ထိသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ်နှစ်ပါး ပဲရှိတယ်၊ အဲဒါတွေကိုလည်းသိအောင် ထိတိုင်း ထိတိုင်း ထိတယ် ထိတယ်လို့မှတ်ရမယ်၊ ဒါက သာမန် အတွေ့အထိကို မှတ်ပုံပဲ။

ထူးတဲ့ အတွေ့အထိတွေကလည်း ရှိသေးတယ်၊ ဒုက္ခဝေဒနာတွေနဲ့ တွဲပြီးတော့ ညောင်းတယ် ပူတယ် နာတယ် ကျင်တယ် ကိုက်ခဲတယ် စသည်ဖြင့် အများကြီးပဲ၊ အဲဒီ အတွေ့အထိတွေမှာတော့ ဝေဒနာတွေ ထင်ရှားနေလို့ ဝေဒနာကိုပဲ ခေါင်းတပ်ပြီးတော့ ညောင်းရင် ညောင်းတယ်၊ ညောင်းတယ်လို့ မှတ်ရမယ်၊ ပူရင်လည်း ပူတယ် ပူတယ်၊ နာရင်လည်း နာတယ်ç နာတယ် စသည်ဖြင့် သူဖြစ်တဲ့အတိုင်းပဲမှတ်ရမယ်။ လက်ကလေး၊ ခြေကလေးတွေ ကွေးလိုက် ဆန့်လိုက်çလှုပ်ရှား ပြင်လိုက်လို့်လည်း လက်ထဲခြေထဲက အတွေ့ အထိတွေ ထင်ရှားဖြစ်သွားတာပဲ၊ ကွေးချင်ç ဆန့်ချင်တဲ့စိတ်ကြောင့် ကွေးရုပ် ဆန့်ရုပ် လှုပ်ရှားရုပ်ကလေးတွေ အဆင့်ဆင့် ဖြစ်ပျက်နေတာ ဒါကလေးတွေကို ယခုတော့ မသိနိုင်သေးဘူး၊ တော်တော်ကြာမှ သိမှာ၊ ယခုပြောနေတာကတော့ သုတမယဖြစ်အောင်လို့ စောစောက ဝကိတင်ပြီးပြောနေတာ၊ အားလုံးလှုပ်ရှား ဉပပြင်မှုတွေဟာ ဒီစိတ်ကလေးတွေနဲ့ချည်းလုပ်နေတာပဲ၊ ကွေးမယ် ဆန့်မယ် လှုပ်မယ်ကြံတဲ့ စိတ်ကလေးတွေကြောင့် ဒီရုပ်ကလေးတွေက တစ်ဆင့် ချင်းတစ်ဆင့်ချင်း၊ တစ်ရွေ့ချင်း တစ်ရွေ့ချင်း ဖြစ်နေတယ်၊ ဖြစ်ပြီးတော့လည်း သူဖြစ်ရာမှာပဲ ပျောက်ပျက်ပြီးသွားတယ်၊ အဲဒါကလေးတွေကို တော်တော်ကြာတော့ ကိုယ်တိုင်ပဲ တွေ့သွား ပါလိမ့်မယ်။

ကွေးတဲ့ဆန့်တဲ့အခါ ကွေးမယ် ဆန့်မယ်ကြံတဲ့ စိတ်ကလေးတွေက စပြီး ဖြစ်လာတယ်၊ အဲဒီ စိတ်ကလေး တွေကြောင့် လက်ထဲခြေထဲမှာ ကွေးရုပ် ဆန့်ရုပ်ကလေးတွေ တောင့်တင်းရုပ် လှုပ်ရှားရုပ်ကလေးတွေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြစ်လာတယ်၊ ဖြစ်တိုင်း ဖြစ်တိုင်းလဲ သူတို့က လက်ထဲခြေထဲမှာရှိတဲ့ ကာယပသာဒခေါ် ကိုယ်အကြည်ရုပ်နဲ့ တိုက်ခိုက်တွေ့ထိပြီးတော့ ဖြစ်လာတယ်၊ ဒီတော့ ကာယ၀ိညာဉ်ခေါ်တဲ့ စိတ်အသိကလေးက တိုက်ရာထိရာမှာ ထိထိသွား တယ်၊ ဒါကြောင့် လက်တွေ ခြေတွေ တောင့်တင်းတာ လှုပ်ရှားတာတွေ ထင်ရှားနေတယ်၊ အဲဒီထင်ရှားတာတွေကို မရှုမိ မမှတ်မိလို့ရှိရင် ဘာဖြစ်သွားတုန်းဆိုတော့ကော ငါပဲ ငါကွေးတာနဲ့ ငါဆန့်တာပဲ ငါ့လက်ပဲ ငါ့ခြေပဲ စသည်ဖြင့် ပညတ်စွဲ ပုဂ္ဂိုလ်တွေ ရောက်သွားတယ်၊ အဲဒီလို ပညတ်အစွဲတွေ မရောက်အောင်လို့ ကွေးတိုင်းဆန့်တိုင်း လှုပ်ရှားတိုင်း ကွေးတယ် ဆန့်တယ် လှုပ်ရှားတယ် စသည်ဖြင့်ရှုမှတ် နေရတာပဲ။ ပြီးတော့ စိတ်ကူးကြံစည်တဲ့အခါမှာလည်း နှလုံးရုပ်ကို မှီပြီးတော့ စိတ်ကူးစဉ်းစားမှု ကြံသိမှုကလေးတွေ ဖြစ်လာတယ်၊ အကြမ်းအားဖြင့် ပြောရရင် ဒီရုပ်ကိုယ်ကြီးကို မှီပြီးတော့ဖြစ်နေတာပါပဲ၊ ဒါကြောင့် နှလုံးရုပ် ကိုယ်ရုပ်က ရုပ်တရား၊ စိတ်ကူးစဉ်းစားကြံသိနေတာက နာမ်တရားç ဒီရုပ်နာမ် နှစ်ပါးပဲရှိတယ်၊ ဒီရုပ်နာမ်ကလေးတွေကိုလည်း သိအောင်လို့ စိတ်ကူးတိုင်း၊ စဉ်းစားတိုင်း ကြံစည်တိုင်း စိတ်ကူးတယ်၊ စဉ်းစားတယ် ကြံစည်တယ် စသည်ဖြင့် မှတ်ရမယ်။

ယခုပြောခဲ့တဲ့အတိုင်း ဖြစ်ခိုက် ရုပ်နာမ်ကလေးတွေကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ မပြတ်ရှုမှတ်နေရင် တော်တော်ကြာတော့ သမာဓိတွေ ထူးထူးခြားခြား ကောင်းလာတာကို တွေ့ရလိမ့်မယ်၊ စိတ်ကလေးဟာ ဘယ်မှမသွားတော့ပဲနဲ့ မှတ်ရာ မှတ်ရာ အာရုံကိုသာ စိုက်ကနဲ စိုက်ကနဲ ကပ်ကပ်ပြီး တည်နေတာကို တွေ့ရ လိမ့်မယ်၊ အဲဒီအခါမှာ အသိကလည်း ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်၊ မှတ်တိုင်း မှတ်တိုင်း ရုပ်နဲ့နာမ်ကလေး နှစ်ခုရှိနေတာကို ကိုယ်တိုင်တွေ့ရမယ်၊ မှတ်သိတာ ကလေးရယ်၊ မှတ်သိရတဲ့ အာရုံကလေးရယ်၊ ဒါကလေး နှစ်ခုတည်း တွဲလျက်ဖြစ်နေတာကို ကိုယ်တိုင်တွေ့ရမယ်။ ဒီလို တွေ့ပြီးတဲ့နောက် ဆက်မှတ်နေရင် တော် တော်ကြာတော့ မြဲတည်နေတာရယ်လို့ကို မရှိတော့ဘူး၊ မှတ်တိုင်း မှတ်တိုင်း မမြဲတာချည်းပဲတွေ့ရတယ်။ အသစ်အသစ် ပေါ်လာလိုက် ဖြစ်ပေါ်လာတာကို ရှုမှတ်လိုက် အဲဒါက ပျောက်သွားလိုက် ပြီးတော့ နောက်တစ်ခုက ပေါ်လာလိုက်ç အဲဒါကိုရှုမှတ်လိုက်ç သူကလည်း ပျောက်သွားလိုက်နဲ့ ဒီလို ပေါ်ချည်ç ပျောက်ချည် တရား ချည်းပဲတွေ့ရတယ်၊ မြဲတည်နေတာရယ်လို့ မရှိတော့ဘူး၊ ဒီတော့ မှတ်တိုင်း မှတ်တိုင်းပေါ်လာပြီး ပျောက်ပျောက်သွားလို့ မမြဲတာချည်းပဲလို့ ဒီလို သဘောကျလာမယ်၊ အဲဒါဟာ အနိစ္စာနုပဿနတဲ့။

ပြီးတော့ ဖြစ်ချည် ပျက်ချည် ဆင်းရဲလို့ ဒီလိုလည်း သဘောကျလာမယ်၊ ဒါကတော့ ဒုက္ခာနုပဿနာပဲ၊ ပြီးတော့ ကိုယ်ထဲမှာ ညောင်းလိုက် ပူလိုက် နာကျင် ကိုက်ခဲ လိုက်နဲ့ မခံသာတဲ့ ဒုက္ခဝေဒနာတွေကိုလည်း အများကြီးပဲ တွေ့ရတယ်၊ အဲဒါတွေကို ရှုရတော့ တစ်ကိုယ်လုံးဟာ ဆင်းရဲ အစုအဝေးကြီးလိုဖြစ်ပြီးတော့ ထင်လာမယ်၊ ဒါလဲ ဒုက္ခာနုပဿနာပဲ။

ပြီးတော့ မှတ်တိုင်း မှတ်တိုင်း ရုပ်နာမ်တရားတွေကို ကိုယ့်အလိုအတိုင်း မဖြစ်ပဲ သူဖြစ်ချင်သလို ဖြစ်နေတာကိုသာ တွေ့ရတယ်၊ ဒါကြောင့် အစိုးမရတဲ့တရား ငါကောင် သတ္တ၀ါကောင် မဟုတ်တဲ့ သဘောတရားတွေပဲ လို့လဲ သဘောကျလာ
မယ်၊ ဒါကတော့ အနတ္တာနုပဿနာတဲ့။

ဒီအနိစ္စ ဒုက္ခ အနတ္တ အသိအမြင်တွေ ပြည့်စုံတဲ့ခါကျတော့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြစ်ပြီး နိဗ္ဗာန်ကို တွေ့သွားမှာပဲ၊ ဒီလိုနိဗ္ဗာန်ကို တွေ့ပြီးတော့ တစ်မဂ်တစ်ဖိုလ် ရသွား တယ်ဆိုရင် အပါယ်လေးပါးက လုံးဝလွတ်မြောက်သွားတော့တာပဲ၊ အောက်ထစ်ဆုံးအားဖြင့် အဲဒီ တစ်မဂ်တစ်ဖိုလ်လောက်တော့ ပြည့်စုံသွားအောင် ယခုအားထုတ် ကြရမယ်။